ဒေးဒရဲ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိခင်နှင့် ကလေးများ အာဟာရဖွံ့ဖြိုးစေရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ကုန်းတန်းကလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကလေးငယ်များအား အာဟာရပြည့်ဝစေရေးအတွက် နေ့စဥ်စားသုံးရမည့် အစာအုပ်စုများအား အသိပညာပေး ဟောပြောခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်က မိခင်နှင့် ကလေးများ အာဟာရပြည့်ဝရေး စားသုံးခြင်း၊ စိတ်ကျန်းမာရေး စောင့်ရှောက်ခြင်း၊ အလေးထားဆောင်ရွက်ရမည့် သန့်လေးသန့်အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများ ကျန်းမာသန်စွမ်းစေရေး လိုက်နာရမည့်အချက်များအား အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်စိုးက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးရေးနှင့် ကလေးငယ်များအား အစာအုပ်စုများ မျှတစွာ ကျွေးမွေးနိုင်ရေး သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား အာဟာရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)