အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဉ်း၍ စစ်တမ်းများကောက်ယူ

အောင်လံ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ တောင်သူများအား ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီက စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အောင်လံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ကျေးရွာများတွင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုး ဖြစ်သော မိုးစပါး/နွေစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ချက်ကြံရင့်တို့အား အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့်စုံစုံ မရခြင်း/မျိုးမကောင်းခြင်း(ရ/မရ)၊ မြေပြုပြင်မှုအားနည်းခြင်း/ မြေပြုပြင်ရန် လိုအပ်ခြင်း(လို/မလို)၊ လိုအပ်သည့်ဓာတ်မြေဩဇာ ပြည့်ပြည့်ဝဝမထည့်နိုင်ခြင်း(ထည့်နိုင်/ မထည့်နိုင်)၊ မိုးကောင်းရေသောက် မိုးရေလုံလောက်စွာမရရှိခြင်း/စိုက်ပျိုးရေးလုံလောက်စွာမရရှိခြင်း(ရှိ/မရှိ)၊ အောင်ရေမရရှိခြင်း/မလုံလောက်ခြင်း(ရှိ/မရှိ)၊ ကောက်စိုက်သမအခက်အခဲရှိခြင်း၊ ငှားရမ်းခဈေးကြီးခြင်း(ကြီး/မကြီး)၊ ကောက်ကွက်ပြည့်အောင် မစိုက်နိုင်ခြင်း/ပင်ကြားတန်းကြား အပြည့်မစိုက်နိုင်ခြင်း (စိုက်နိုင်/မစိုက်နိုင်)၊ ပန်းတိုင်အထွက်နှုန်း (ရရှိခြင်း/မရရှိခြင်း) စသည့်တို့ကို စစ်တမ်းများကောက်ယူခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ စစ်တမ်းများကောက်ယူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကောက်ယူခဲ့ပြီး၊ ကျေးရွာတာဝန်ကျ ဝန်ထမ်းတစ်ဦးလျှင် တောင်သူ(၁၀၀)ဦး စစ်တမ်းကောက်ယူ၍ စုစုပေါင်း ဝန်ထမ်း(၉)ဦးနှင့် တောင်သူ(၉၀၀)ဦး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)