မုံရွာ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရာများ စစ်တမ်းကောက်ယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအပါအဝင် စိုက်ပျိုးသီးနှံ ၆၀ ကျော်အား ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ ယခုလိုစိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံတော် အတွက် အဓိကအရေးကြီးသည့် သီးနှံ ၁၃ မျိုးအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားဆောင်ရွက်ရန် နိုင်ငံတော်အနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှုမရှိသေးသည့်အတွက် လိုအပ်သည့်ပံ့ပိုးထောက်ပံ့မှုများ ဆောင်ရွက်ပေးလို၍ တောင်သူဦးကြီးများနှင့်တွေ့ဆုံကာ လိုအပ်ချက်သိရှိနိုင်ရေး စစ်တမ်းကောက် ယူခြင်းဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူမှုမှရရှိသည့် ပံ့ပိုးဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးဖြည့်ဆည်းပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည် မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူ ၁၅၀ ဦးအတွက် သွင်းအားစု ယူရီယားမြေသြဇာများအား ဒေသခံတောင်သူများထံ အသီးသီးပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး ဒေသခံတောင်သူ များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်နေသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ဘော် လီဘောအားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)