ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်‌ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

ဘိုကလေး ဒီဇင်ဘာ ၁၆      

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နေ့လယ် (၁) နာရီအချိန်၌ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်‌ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့်ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ မောင်မယ်သစ်လွင် သင်တန်းသား/သူများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများက “တို့ကျောင်းတို့ဝန်းကျင်” သီချင်းသီဆို၍ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုသင်တန်းသို့ တက်ရောက်လာကြသော ဆရာ/မ လောင်းလျာများအနေဖြင့် မိမိတို့လုပ်ငန်းခွင်၌ ဆရာ/မတာဝန်ထမ်းဆောင်ရသည့်အခါ အရည်အသွေးပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများအဖြစ် မိမိတို့၏တပည့်များကို မွေးထုတ်ပေးကြပါရန် အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဘိုကလေးပညာရေး ဒီဂရီကောလိပ်အတွက် ထောက်ပံ့ငွေကျပ် (၁၅) သိန်းပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲအား သင်တန်းသား/သူများ၏ ကျေးလက်ယိမ်း အကဖြင့် ဖျော်ဖြေတင်ဆက်၍ ပိတ်သိမ်းခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်မယ်သစ်လွင် သင်တန်းသား/သူများနှင့် ရင်းနှီးနွေးထွေးစွာ နေ့လည်စာအတူသုံးဆောင်ခဲ့ပြီး ဘိုကလေးပညာရေးဒီဂရီကောလိပ်အတွင်း ဆောက်လုပ်လျက်ရှိသည့် လေးထပ်စာသင်ဆောင် အဆောက်အဦးတည်ဆောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား စီမံကိန်းတာဝန်ခံအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာရှိ တောင်သူ ဦးတင်စိုး၏ လယ်ယာမြေသို့သွားရောက်၍ အောင်နိုင်တိုး စပါးစိုက်ပျိုးထားရှိသည့် လယ်ယာမြေ (၃)ဧကတွင် ဓာတ်မြေဩဇာကြဲပက်ထားရှိမှု အခြေ အနေများ၊ နေကြာစိုက်ပျိုးမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုးစက်