လွိုင်ကော် ဒီဇင်ဘာ ၁၆
ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ဒေသမျိုးသန့်တိရစ္ဆာန်များပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြယ်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း နယ်မြေဒေသအခြေအနေများကြောင့် ရပ်တန့်ခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် ပြည်နယ်၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများ အောင်မြင်မှုရှိလာမည်ဆိုပါက ပြည်နယ်အတွင်း စားသုံးမှုဖူလုံလာမည့်အပြင် ပြည်နယ်ပြင်ပသို့ မွေးမြူရေးထုတ်ကုန်များ တင်ပို့ရောင်းချလာနိုင်မည် ဖြစ်သည့်အတွက် လူမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အရင်းအနှီးမတည်ချေး ငွေများ၊ နည်းပညာနှင့် တိရစ္ဆာန်ရောဂါကာကွယ်ကုသမှုများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ခေတ်မီမွေးမြူရေးနည်းစနစ်များဖြင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူ၍ တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်အထိ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နေရပ်ပြန်ပြည်သူများအား တိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ် လောပိတကျေးရွာနှင့် နမ့်ဘော်ဝမ် (က)ရပ်ကွက်များမှ မွေးမြူရေးတောင်သူများအား ဒေသမျိုးသန့်တိရစ္ဆာန်များပေးအပ်ရာ တောင်သူများက လက်ခံယူကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်၊ နမ့်ဘော်ဝမ်(ခ)၊ စက်မှုဇုန်ရပ်ကွက်နှင့် ပန်ကန်း၊ လောပိတကျေးရွာများမှ မွေးမြူရေးတောင်သူများအား ဒေသမျိုးသန့်တိရစ္ဆာန်များအားပေးအပ်ရာ တောင်သူများက လက်ခံယူသည်။
ယနေ့အခမ်းအနားတွင် နေရပ်ပြန်ပြည်သူ အိမ်ထောင်စု (၇၇)စုတို့အား ဝက် အကောင် (၄၀)၊ ဆိတ် (၁၇)ကောင်နှင့် ကြက် အကောင် (၂၀၀) ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နာနတ်တောရပ်ကွက်၊ နောင်ယား(က)နှင့် ဒေါဥခူရပ်ကွက်များသို့ သွားရောက်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြသည့် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရေးအတွက် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပြီးစီးမှုနှင့် အပြီးသတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံညွှန်းများပြည့်မီစွာဖြင့် အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်၊ နေအိမ်များဆောက်လုပ်ပြီးပါက သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး တစ်ပါတည်းဆောင်ရွက်ရန်၊ ရပ်ကွက်အတွင်းရှိ လမ်းများသန့်ရှင်းသာယာရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းများအားသတ်မှတ်ကာလအမီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး နေအိမ်ပိုင်ရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)