အိမ်မဲ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးနှင့်စပ်လျဥ်း၍ တောင်သူများအား ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကစတင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ကျေးရွာများတွင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးဖြစ်သော မိုးစပါး၊ နွေစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဥ်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ချက်ကြံရင့် တို့အား အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့်စုံစုံမရခြင်း/ မျိုးမကောင်းခြင်း (ရ၊မရ)၊ မြေပြုပြင်မှုအားနည်းခြင်း/ မြေပြုပြင်ရန်လိုအပ်ခြင်း (လို၊မလို)၊ လိုအပ်သည့်ဓာတ်မြေသြဇာ/ သဘာဝ မြေသြဇာပြည့်ပြည့်ဝဝမထည့်နိုင်ခြင်း (ထည့်နိုင်၊ မထည့်နိုင်)၊ မိုးကောင်းရေသောက် မိုးရေလုံလောက် စွာမရရှိခြင်း/စိုက်ပျိုးရေလုံလောက်စွာမရရှိခြင်း (ရှိ၊မရှိ)၊ အောင်ရေမရရှိခြင်း/ မလုံလောက်ခြင်း (ရှိ၊မရှိ)၊ ကောက်စိုက်သမ အခက်အခဲရှိခြင်း၊ ငှားရမ်းခစျေးကြီးခြင်း (ကြီး၊မကြီး)၊ ကောက်ကွက်ပြည့်အောင် မစိုက်နိုင်ခြင်း/ပင်ကြားတန်းကြားအပြည့်မစိုက်နိုင်ခြင်း (စိုက်နိုင်၊ မစိုက်နိုင်)၊ ပန်းတိုင်အထွက်နှုန်း(ရရှိခြင်း၊မရရှိခြင်း)စသည်တို့ကို စစ်တမ်းများကောက်ယူ ခဲ့ကြကြောင်းသိရသည်။
ထိုကဲ့သို့စစ်တမ်းများကောက်ယူခြင်းများကို အိမ်မဲမြို့နယ်အတွင်း ကျေးရွာ (၈၀) ရွာ၊ တောင်သူ (၁၇၀၀)ဦး အား ကောက်ယူသွားမည်ဖြစ်ပြီး ယနေ့တွင် ကျေးရွာ (၄၃) ရွာ၊ တောင်သူ (၈၃၀) ဦးအား ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်