ဒေးဒရဲ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွာရမည့်လုပ်ငန်းများနှင့် နွေစပါးစိုက်ဧကများ၊ ဆီထွက်သီးနှံဆောင်းနေကြာနှင့် ဆီပဲပုပ်များ အောင်မြင်ဖြစ်ထွန်းစေရေး ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းကြီးကြပ်သွားရန်၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေး လုံခြုံရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပိုထွန်းက ရပ်ကွက်၊ ကျေးရွာ အုပ်စုများ လုံခြုံအေးချမ်းစေရေး ဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအားတင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများအား အပတ်စဥ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း