အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

အုတ်တွင်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်းပါးရှင် လင်းနွေးအိမ်ရေးသားသည့် “ယနေ့ခေတ်ကိုအသုံးချမှု မှန်ကန်ခြင်း” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ချို(စာရေးဆရာခင်မောင်ချို-ကညွတ်ကွင်း)က “ကျွန်တော်တို့သည် လူသားများဖြစ်ကြသည့်အားလျော်စွာ လူ့ကျင့်ဝတ်နှင့် လူ့စည်းကမ်းကိုလည်း နားလည်တတ်ရမည်ပင်။ မိမိကိုယ်ကျိုး၊ အများအကျိုးသယ်ပိုးနိုင်သည့် လူတော်လူကောင်းဖြစ်အောင် ကြိုးစားသင့်ပါတယ်။ လောက၌ မည်သည့်အရာသည်ကား မှန်သည်၊ မည်သည်ကတော့ မှားယွင်းသည်ဆိုသည်ကို ခွဲခြားသိမြင်သူဖြစ်အောင် ဦးစွာပထမကြိုးစားကြပါ။ သည့်အတွက် ဦးနှောက်ကို စာပေကျောက်ပြားပေါ်၌ အဖန်ဖန်အထပ်ထပ်တွေးတောနေခြင်းဖြင့် အသိပညာကိုရယူပါ။ တကယ်တမ်းတော့ လောကကြီး၌ မရှိတာထက် မသိတာခက်သည်၊ မသိတာထက် သိအောင်မကြိုးစားခြင်းကပို၍ခက်တယ်လို့ ဆိုထားပါတယ်။ လူနေမှုဘဝ၌ အသိတစ်လုံးသည် အမြတ်ဆုံးဖြစ်ပေသည်။ ထိုအသိတစ်လုံးဖြင့် ကိစ္စအရာရာကို ပြုမူလုပ်ဆောင်မည်ဆိုပါက ကျွန်တော်တို့သည် လူ့အဆင့်အတန်းပြည့်မီသည့် လူသားပီသသူများဖြစ်ပေတော့မည်။ ကျွန်တော်တို့သည် တိုးတက်လာသည့်ခေတ်ကို တိုးတက်လာသည့်အမြင်ဖြင့် ကြည့်တတ်ကြပါ။ အပျော်ပြီးလျှင် နောက်ဆက်တွဲပါလာတတ်သည့် အပျက်သဘောကို ကြိုတင်သိမြင်ကာ အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဥ်ပါ။ မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော ခေတ်ကို တိုးတက်အောင် ကြိုးစားပြုမူကြပါဟု ဆန္ဒပြုတိုက်တွန်းလိုက်ပါတယ်”ဟုဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူတို့မှ အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club)အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာဖတ်ဝိုင်းသို့ အများဆုံးတက်ရောက်သည့် ကျောင်းသား/ ကျောင်းသူများအားဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)