မြဝတီ ဒီဇင်ဘာ ၁၅
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဌာနပိုင် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နေ့ကအမှတ်(၄) မြန်မာနန်း ရပ်ကွက်တွင် ကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း (founder) ဦးသန်းရွှေ၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘင်ခရာမောင်မယ်တပ်ဖွဲ့များက ဖူဆယ်ဘောလုံးကွင်းအတွင်းနေရာယူပြီး နိုင်ငံတော် သီချင်းကိုသီဆိုအလေးပြုကာ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ပညာရွှေဖူးကိုယ်ပိုင် အလယ်တန်း ကျောင်း (founder) ဦးသန်းရွှေနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်ပြီး ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က မုဒိတာစကားပြောကြားခဲ့သည်။
ထို့နောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဘင်ခရာမောင်မယ် ကျောင်းသား၊ ကျောင်းသူလေးများက Finess Dance အက အလှများနှင့် ဘင်ခရာတေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တက်ရောက်လာကြသည့် တာဝန်ရှိသူများ ဧည့်သည်တော်များက ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ဌာနပေါင်းစုံ ကျား/မ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဆက်လက် ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)