ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

ဘားအံ ဒီဇင်ဘာ ၁၄

ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ထား၍ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများသည် စုရပ်ဖြစ်သောဝန်ကြီးများ အိမ်ရာရှေ့မှ သီရိလမ်း၊ ပိတောက်လမ်း၊ ကမ်းနားလမ်းမှ တစ်ဆင့် ဘားမဲတောင်သဘာဝဥယျာဉ်အားဖြစ်သန်း၍ ဘားအံ-ထုံးအိုင်လမ်း၊ မြို့ပတ်လမ်း၊  သီရိလမ်းမှ တစ်ဆင့် သီရိကွင်းအတွင်းသို့ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ အကြောလျှော့လေ့ကျင့်ခန်းများစုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ယှဉ်နွှဲကြသူများအား ပြည်နယ်လမ်းဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့မှ  နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး Small Goal သွင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲတို့ကို ထည့်သွင်း ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်မှ စားသောက်ကုန်ပစ္စည်းများချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူလူထုအတွင်း ပြစ်မှုကြိုတင်ကာ ကွယ်ရေးဆိုင်ရာပညာပေးလုပ်ငန်းများကို လူတန်းစားအလွှာအသီး သီးတွင်ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် မကြာမီကျင်းပမည့်‌ရွေးကောက်ပွဲကို သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့မရဲစခန်း၊ သီးခြားတပ်ဖွဲ့များနှင့် ရဲတပ်ရင်း (၂၂) ရှိ အိမ်ထောင်စုများအတွက် စုစုပေါင်းငွေကျပ် ၂၈၆၈၁၅၀ဝိ/-(နှစ်ရာရှစ်ဆယ် ခြောက်သိန်းရှစ်သောင်းတစ်ထောင်ငါးရာ ကျပ်) တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ရာ တပ်ဖွဲ့ဝင်များကိုယ်စား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)