ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်း လမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ

ပုသိမ်  ဒီဇင်ဘာ ၁၄

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအားလူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း ဒီဇင်ဘာလူထု အားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ၊ Physical Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း( ၄၀၀၀)  ကျော်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား စက်ဘီး၊ မတ်တပ်ပန်ကာ၊ နာရီကြီး၊ တီရှပ်၊ ဘောလုံး၊ ဘော်လီဘောလုံး၊ ခြင်းလုံးများကို ဒုတိယအကြိမ်အဖြစ် ကံစမ်းမဲဖောက်ပေးခဲ့ကာ မဲပေါက်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကကဆုများပေးအပ်ခဲ့ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြသူများက ကြက်တောင်ခြင်းသွင်းရိုက်သွင်းခြင်း၊ ဘောလုံးကွင်းတွင်းကန်သွင်းခြင်း၊ ခြင်းလုံးခြင်းတွင်းခတ်သွင်း ခြင်း စသည့်ပျော်ပွဲရွှင်ပွဲများအားတပေါ်တပါးဆင်နွှဲခဲ့ကြသည်။ အလားတူ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ကတပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)