ဝါးခယ်မတွင် ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုး စိုက်ပျိုးပြသ

ဝါးခယ်မ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄၊ ဦးပိုင်အမှတ် ၁/၁ တောင်သူ ဦးဝင်းဗိုလ်၏ လယ်မြေတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုးအား စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်း၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများနှင့် တောင်သူများက ဆီထွက်သီးနှံ နေကြာ (MAKHAON KLP/ IPPOLIT/ VULKAN) ရုရှားမျိုးအား တောင်သူ ဦးဝင်းဗိုလ်၏  စိုက်ပျိုးဧက ၆ ဧကတွင် လက်စိုက်စနစ်၊ စက်စိုက်စနစ်များဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းနှင့် အူကျွန်း၊ ကျွန်းကုန်း၊ ကြက်ခတ်ကုန်း၊ မရမ်းချောင် အပါအဝင် အနီးအနားရှိ ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်သည့် သဘာဝစားဆီဖြစ်ပြီး တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းသော ဆီထွက်သီးနှံများ ရရှိလာမှာဖြစ်ကြောင်း၊ ပြည်တွင်း ဆီ စားသုံးမှု ဖူလုံစေသည့်အပြင် တောင်သူလယ်သမားများ၏ ဝင်ငွေများလည်း တိုးတက်လာမှာ ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)