ဝါးခယ်မ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာရှိ ကွင်းအမှတ် ၁၀၁၅၊ ဦးပိုင်အမှတ် ၃၀/၂၊ တောင်သူ ဦးဘမြင့်၏ လယ်မြေ ၅.၀ဧကတွင် နွေစပါးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အူကျွန်း၊ ကျွန်းကုန်း၊ မရမ်းချောင်၊ ရေလိမ်၊ မဲဇလီ ကျေးရွာများမှ တောင်သူ လယ်သမားများနှင့်တွေ့ဆုံကာ ပြည်တွင်းစားနပ်ရိက္ခာ ပြည့်စုံဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတို့အတွက် လျာထားချက်ပြည့်မီ ကျော်လွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်နှင့်မြို့နယ်မှစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
မျိုးစေ့ချကိရိယာ (Drum Seeder) ကို အသုံးပြုခြင်းဖြင့် မျိုးစေ့နှုန်းသက်သာစေခြင်း၊ ရေလိုအပ်မှုနည်းခြင်း၊ ပေါင်းသတ်ဆေး၊ ပိုးသတ် ဆေးများဖြန်းရာတွင် လွယ်ကူခြင်းနှင့် အပင်ပြုစု စောင့်ရှောက်ရေးလုပ်ငန်းများ လွယ်ကူစေ၍ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများ ကောင်းမွန်ကာ ဈေးကွက်ရရှိပြီး ပြည်ပသို့တင်ပို့ ရောင်းချနိုင်သည့်အတွက် တောင်သူများ၏ တစ်ဦးချင်းဝင်ငွေများ တိုးပွားလာကာ လူမှုစီးပွာဘဝ မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)