တနင်္သာရီ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့ နံနက် (၈)နာရီအချိန်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို အောင်မင်္ဂလာဈေး (၂) ရှိ ဈေးဝယ်သူများ၊ ဈေးဆိုင်များနှင့် လူစည်ကားသည့် ဈေးလမ်းများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်”၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)