နမ္မတူ ဒီဇင်ဘာ ၃၁
Christian Aid ၏ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာ ရပ်ကွက် (၄)ခု၊ မန်ကျန်း၊ မန်ဆာကျေးရွာတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်၊ မနန်းအေးနွမ်းနှင့် ဒေါ်ချိုချိုလှိုင်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး အကြောင်းအရာများအား မြန်မာဘာသာဖြင့် လည်းကောင်း၊ ရှမ်းဘာသာဖြင့် လည်းကောင်း၊ တအောင်း(ပလောင်)ဘာသာဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက် လာသော ဒေသခံပြည်သူများအား လက်သန့်စင်အောင် ဆေးကြောနည်း သရုပ်ပြကာ ရေမလိုလက်သန့် ဆေးရည်ဖြင့်လက်ဆေးစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ အသိပညာပေး ဗွီနိုင်းများနှင့် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ကျေးရွာရပ်ကွက်(၄)ခု၊ ကျေးရွာ(၂)ရွာအတွက် ခြေနင်းလက်ဆေးဘေစင် (၆)စုံ၊ Hand Speaker (၆)ခု၊ Memory Stick(၆)ခု၊ အပူချိန်တိုင်းကိရိယာ(၆)ခု၊ ရေမလိုလက်သန့်ဆေးရည်များနှင့် လက်ဆေး ဆပ်ပြာခဲ (၂၄၇၁)ခဲအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့် ထံက သိရသည်။
လူမော် (ပြန်/ဆက်)