ပန်းတနော် ဒီဇင်ဘာ ၁၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည်သူအား အသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပန်းတနော်မြို့ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှ လွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့ ၊နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင် သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။
“ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ပန်းတနော်မြို့ ရန်ကုန်-ပုသိမ်ကား လမ်းမကြီး၊ မြို့မစျေးကြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့်မြို့အဝင်လူစည်ကားရာနေရာများ တွင်လည်းကောင်း၊ ခရီးသည်တင်ကားများအား “ဒို့အတူတူမဲပေးကြမယ်” စတေကာကပ်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်ကို မြို့အဝင်ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးတွင်လည်းကောင်း စိုက်ထူခဲ့ကြပြီး ထိုကဲ့သို့ဖြန့်ဝေခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)