ဇလွန် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် ဇလွန်မြို့မစျေးသစ်တွင် လက်တွေ့မီးငြှိမ်း သတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇလွန်မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးလောင်မှုမီးငြှိမ်းသတ်နည်းနှင့်မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်မှုတို့အား လက်တွေ့သရုပ်ပြ ဇာတ်တိုက်ဆောင်ရွက်ခဲ့သည်။ အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ စျေးသူ၊ စျေးသားများ ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်