ကျိုက်လတ် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်အတွက် လှုံ့ဆော်မှု အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက လူစည်ကားရာနေရာများဖြစ်သည့်ဈေးများ၊ ဆိုက်ကားဂိတ်များ၊ ကားဂိတ်များနှင့် လမ်းဆုံများတွင် အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ပြီး အဆိုပါ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့စသည့် အကြောင်းအရာများပါရှိပြီး ကျိုက်လတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်