ကြံခင်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(အင်းလပ်အရှေ့)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိစုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများငယ်စဉ်ကစ၍ စာပေဖတ်ရှုတတ်လာစေရန်၊ ကျောင်းစာအပြင်၊ ပြင်ပ ဗဟုသုတများရရှိစေရန်၊ ကာယဉာဏဖွံ့ဖြိုးလာစေရန်စသည့် ရည်ရွယ်ချက်များစွာရရှိစေရန် ဟောပြောပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် အခြေခံပညာမူလတန်း ကျောင်း (အင်းလပ်အရှေ့) ကျောင်းအုပ်ဆရာကြီး ဦးစောသန်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ပါဝင်သော မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများ၊ ပတ်ဝန်းကျင်သာယာဖို့အမှိုက်ကို စနစ်တကျစွန့်ပစ်ကျပါစို့ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း