တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုလက်ကမ်းကံ့ကော်တန်း”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍအတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး ဆရာ၊ ဆရာမများဖြစ်လာကြမည့် မောင်တို့မယ်တို့အား ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ နွေးထွေးစွာကြိုဆိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများမှ ပညာရေးလမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်ရာ စေတနာ၊ ဝါသနာ၊ အနစ်နာ နာ(၃)နာ အခြေခံပြီး လေ့လာဆည်းပူးရမည့်အပြင် ဆရာ၊ ဆရာမများဖြစ်လာမည့်သူများအနေဖြင့် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်အောင်ကြိုးစားပြီး စာဖတ်နာအောင် အမြဲမပြတ် လေ့လာဆည်းပူးကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များအပေါ် မတတ်သည်များကိုတတ်အောင်၊ မသိသည်များကိုသိ‌ရှိ‌အောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းသည်များကိုကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊မယဉ်ကျေးသည်များကို ယဉ်ကျေးအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးခဲ့ပြီး စာကိုလည်းသင်၊ လူကိုလည်းပြင်ပေးသူများဖြစ်ပါကြောင်း၊ ပညာရေးကိုလိုလားသည့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအတွက် တိုင်းဒေသကြီးမှနှစ်စဉ်မွေးထုတ်ပေးလိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် လေ့လာသင်ယူမှုမပြတ် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး ပုသိမ်ပညာရေးဒီဂရီကောလိပ်အတွက် ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။

ထို့နောက် ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)