ကြံခင်းမြို့နယ်၌ (Grade-5) စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းအဆင့်(Grade-5) ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် နည်းပြများ၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က ဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများက ယခုဆွေးနွေးပွဲတွင် သင်ကြားပေးသည့် ဘာသာရပ်များကို သေချာစွာလေ့လာ ပြီး ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမများကို ပြန်လည်မျှဝေပေးရမှာဖြစ်ကြောင်း ဒါမှသာ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်သင်ပြရတွင် အဆင်ပြေကာ စာမေးပွဲ၌ အထောက်အကူပြုနိုင်ကြောင်း၊ မိမိတို့ကိုယ်တိုင်က သေချာတတ်မြောက်ဖို့လိုကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်တူ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းတွင်း/ပြင် သန့်ရှင်းသာယာလှပစေရေးအတွက် ညွှန်ကြားချက်များနှင့်တူ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်ပါတီစုံထွေထွေရွေးကောက်ပွဲတွင် မိမိတို့ကျရာတာဝန်များကို နိုင်ငံသား ကောင်းပီပီ တာဝန်ကျေစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြများက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးသင်ကြားပေးလျက်ရှိသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းအား အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ ၁၄၁ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ ၅ ဦးက ဘာသာရပ်များအလိုက် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြင်ပါကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း