မင်းဘူး ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ ၂ဝ၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသူ အာမခံအလုပ်သမားတစ်ဦးအား လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မန်းရေနံမြေအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးကျော်မင်းအေး၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးနှင့် တာဝန်ရှိသူများ၊ အာမခံ အလုပ်သမား၏ မိသားစုဝင်များနှင့် မန်းရေနံမြေမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးကျော်မင်းအေးက အဖွင့်အမှာစကား ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားကာ မန်းရေနံမြေမှ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် (ငွေလုံးငွေရင်း) ငွေကျပ် ၁၂,၉၆ဝ,ဝဝဝ (ကျပ်တစ်ရာနှစ်ဆယ့်ကိုးသိန်း ခြောက်သောင်းတိတိ)ကို အာမခံ ထားသူ၏ ဇနီးဖြစ်သူထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနမှ အာမခံ အလုပ်သမားများအား အခမဲ့ဆေးကုသမှုပေးခြင်း၊ မကျန်းမာမှု၊ မီးဖွားမှု၊ ဖခင်ဘဝဖြစ်မှု၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှု၊ ကျန်ရစ်သူအကျိုးခံစားခွင့် (ငွေလုံးငွေရင်း)၊ ဆေးကုသမှု ကုန်ကျစရိတ်များ ပြန်လည်ထုတ်ပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမား၏ အချိန်ပြည့် ပညာသင်ကြားနေသော သား/သမီးများအတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၁၀ ရာခိုင်နှုန်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)