မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၁)လမ်းထိပ်တွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူပြီး လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို ယနေ့နံနက် ၉ နာရီ ၃၀ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မော်လမြိုင်ကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊လူမှုရေးအသင်းအဖွဲ့များက “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် “ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင် ၁၅၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)