ဘိုကလေး ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနနှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီက မြို့မဈေးကြီး၏ မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့မဈေးကြီးအတွင်း မီးသုံးစွဲမှုအခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများ၊ မီးသတ်ရေကန်ထားရှိမှု၊ မီးဘေးလုံခြုံရေးပစ္စည်းများ ထားရှိမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးသူ/သားများအား မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် ပူးပေါင်းအဖွဲ့များက မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေ့လယ်(၃)နာရီအချိန်၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရုံးဝန်းအတွင်းတွင် လျှပ်စစ်ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဝန်ထမ်းများနှင့်အတူ မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)