ပဲခူး ဒီဇင်ဘာ ၁၂
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး(သွားနှင့်ခံတွင်း)ဦးဆောင်သောအဖွဲ့မှ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းက (ဒုတိယ)အကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်း အစီအစဉ်ပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပြီးစီးသည့် ကလေးငယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့နှင့်အတူ ခွဲစိတ်ပြီးလူနာများနှင့် သွားတု (အံကပ်) တပ်ဆင်ပြီးစီးခဲ့သည့် သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ကုသမှုဆောင်ရွက်ပေးခဲ့ကြသည့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး (သွားနှင့်ခံတွင်း) ဦးဆောင်သောအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (ဒုတိယ) အကြိမ်မြောက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်) တပ်ဆင်ပေးခြင်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နှုတ်ခမ်းကွဲလူနာ(၁၄)ဦး၊ အာခေါင်ကွဲလူနာ(၅)ဦးနှင့် သွားတု(အံကပ်) တပ်ဆင်ပေးသည့် ဘိုးဘွား(၂၄)ဦး၊ စုစုပေါင်း(၄၃)ဦးအား ကုသဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)