ကသာ ဒီဇင်ဘာ ၁၁
ကသာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ကြိုတင်မဲပေးခြင်းကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၇)ရက်အတွင်း ကြိုတင်မဲပေးရမည့်ကိစ္စရပ်များ၊ လုံခြုံရေး ကိစ္စရပ်များ၊ သတ်မှတ်ရက်အတွင်း ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများ၊ ကြိုတင်မဲများအား ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများက ထိန်းသိမ်းထားရမည့်ကိစ္စများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြရန်နှင့် တက်ရောက်လာကြသူများမှလည်း ဆွေးနွေးအကြံပြုကြရန်တို့ကို ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်က လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲရုံလုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးအောင်မင်းဦးက မဲစာရင်း စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ မဲရုံများစစ်ဆေးခြင်းနှင့် မဲပေးစက်များ တပ်ဆင်စစ်ဆေးဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးက ကြိုတင်မဲပေးရာတွင် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သတ်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာလွှတ်တော်ကိုယ်စားလှယ်များနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်း ညှိနှိုင်းတွေ့ဆုံဆွေးနွေး ပွဲသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)