ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၁

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကမောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြပြီး ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရမည့်သူများ ဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်ကြီးသည် အစဉ်အလာရှိသည့် တက္ကသိုလ်ကြီးဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးရာနေရာဖြစ်ရာ မောင်တို့မယ်တို့အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် တက္ကသိုလ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အဆောက်အဦများ ခန့်ညားထည်ဝါမှုရှိစေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့်အားကစား၊ စာပေ၊ ဂီတ၊ အနုပညာ ဆိုင်ရာများကိုလည်း လေ့လာသင်ယူခွင့်ရကြမည် ဖြစ်ပါကြောင်း၊ ထို့အပြင်မိမိတို့၏ ကျောင်းတော်ကြီး စိမ်းလန်းစိုပြေရေးနှင့် ပန်းပေါင်းဝေဆာသည့်ကျောင်းတော်ကြီးဖြစ်စေရေး၊ Green Zone Area များ ဖော်ဆောင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အဆင့်မြင့်ပညာများကို လေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုတွေကို တိုးတက်အောင်မြင်အောင်ကြိုးစားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည်ဒေသနှင့် နိုင်ငံအကျိုးဖော်ဆောင်ပေးနိုင်သူများ ဖြစ်အောင်ကြိုးစား၍ တက္ကသိုလ်ပညာရပ်များကို လေ့လာဆည်းပူးရင်း ဗလငါးတန်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားသွားကြရန် လိုပါကြောင်း အမှာစကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များ၊ တက္ကသိုလ်များ ဇုန်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိခဲ့ကြသည့် ပုသိမ်ဇုန် အမျိုးသား/ အမျိုးသမီးဘောလုံးအသင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်၊ ပုသိမ်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တက္ကသိုလ်လေ့ကျင့်ရေးတပ်ပြခန်း၊ ပုသိမ်တက္ကသိုလ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီပြခန်း၊ အရှေ့တိုင်းပညာဌာနပြခန်း၊ ဉပဒေဌာန၊ သမိုင်းဌာန၊ အင်္ဂလိပ်စာဌာန၊ မြန်မာစာဌာန၊ စိတ်ပညာဌာန၊ ပထဝီဝင်ဌာန၊ ဘူမိဗေဒဌာန စသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၀/၇.၂၅)မှ (၁/၃.၂၅)အား (၂၄ပေ)အကျယ်ကွန်ကရစ်လမ်းအဖြစ်တိုးချဲ့ တည်ဆောက်ခြင်းနှင့် လူသွားလမ်း(၂ ဖက်) ပြုလုပ်ခြင်း၊ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း (၄ ဖာလုံ)ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)