ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲလျာထားချက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲလျာထားချက် ထက်ပိုမိုစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 “ကျွန်းလှမြို့နယ်မှာ မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီစိုက်ပျိုးကြပါတယ်။ ဒီနှစ်ဆောင်းရာသီ မြေပဲစိုက်ပျိုးဖို့ ၁၃၈၉၆ ဧက လျာထားသော်လည်း ၁၄၀၁၃ ဧက စိုက်ပျိုးပြီး လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုအခါ မြေပဲစိုက်ခင်းတွေမှာ ဥဥချိန်ရောက်ပြီး အောင်မြင်ဖြစ်ထွန်း နေပါတယ်။ တောင်သူတွေကိုလည်း မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှု ကင်းစင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၈၆၄ ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်အထိ မြေပဲ ၁၄၀၁၃ ဧက၊ နှမ်း ၁‌၄၀၃၇ ဧက၊ နေကြာ ၅၂၂ ဧက၊ ပန်းနှမ်း ၅၃၁၅ ဧက၊ မုံညှင်းစေ့ ၃၃၅ ဧက စုစုပေါင်း ၃၄၂၂၂ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးခြင်းဖြင့် ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချပြီး ပြည်တွင်း စားသုံးဆီဖူလုံမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ