ပခုက္ကူပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကောလိပ်ရှိ မဟာသရေစည်သူဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။

‌ပထမဦးစွာ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား ကျောင်းသူများက မြတ်ခေတ်သီချင်းဖြင့် မောင်မယ်သစ်လွင်များကို ကြိုဆိုကပြဖျော်ဖြေ၍ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပထမနှစ်ကျောင်းသား ကျောင်းသူ‌များမှ မောင်မယ်တစ်ဦးစီရွေးချယ်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက ဂုဏ်ပြုဆုငွေ၊ မောင်မယ်ဟောင်းများက သရဖူနှင့်စလွယ်တို့ကို ပေးအပ်ကြပြီး ကျောင်းသား ကျောင်းသူဟောင်းများက တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်သင်တန်းတွင် ပထမနှစ် ၁၂၇ ဦး၊ ဒုတိယနှစ် ၇၁ ဦး၊ တတိယနှစ် ၆၁ဦး၊ စတုတ္ထနှစ် ၃၉၀ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၄၉ ဦး တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)