နတ်မောက် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိဌာနဆိုင်ရာ ရုံးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိမှု၊ လျှပ်စစ်မီးအသုံးပြုရာတွင် သတိထားဆင်ခြင်သင့်သည့် အချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိပ်၊ မီးကပ်၊ သဲပုံ၊ ရေပုံးများထားရှိမှုနှင့် ရုံးတွင် မီးသတ်ဆေးဘူးများ ထားရှိရေးတို့အား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက စနစ်တကျ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်များကို ရုံးဝန်ထမ်းများသိရှိစေရန် မီးငြိမ်းသတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးဖြင့် စနစ်တကျ မီးငြှိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
လှဝင်း