ဘားအံ ဒီဇင်ဘာ ၁၀
ကရင်သက္ကရာဇ်(၂၇၆၅)ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၈၃ ဒသမ ၇၄၂)သန်းဖြင့် သိန်းရတနာလှကုမ္ပဏီနှင့်နေ့သစ်အောင်ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်သော ရဲသာကျေးရွာအုပ်စု၊ လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ကျင်းပသည်။
အဆိုပါကွန်ကရစ်လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၂၆)လမ်း အရှည်မိုင်ပေါင်း ၁၈ မိုင်ကျော်၊ ကျေးလက်ကုန်ထုတ်တံတား(၆၅)စင်း အရှည်ပေပေါင်း ၅၂၃ ပေ၊ ကျေးလက်ရေပေးရေးလုပ်ငန်း(၃၃)ခု၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း(၁)ခု၊ ယင်လုံအိမ်သာတည်ဆောက်ခြင်းလုပ်ငန်း(၂၁)ခုတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတစ်ရွာ၊ VDP စီမံကိန်းကျေးရွာ(၁၀)ရွာနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(SMART Village)နှစ်ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အရှည် ၆ ဖာလုံ၊ အကျယ် ၁၂ ပေနှင့် Pipe Culvert (၄)စင်းပါဝင်သော ကျေးရွာတွင်းကွန်ကရစ် လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။ လမ်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက် လိုစိတ်များမွေးမြူကြကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းတိုက်တွန်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကွန်ကရစ်လမ်းသစ်နှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
အဆိုပါဘော်လီဘောပြိုင်ပွဲသို့ ဌာနဆိုင်ရာများမှ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၈)သင်း အားကစားသမားပေါင်း ၂၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများနှင့်အားကစား သမားများအား လိုက်လံနှုတ်ဆက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြကာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုအားကြည့်ရှု အားပေးကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)