ရေဦး ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ပညာရတနာခန်းမတွင် အမျိုးသမီးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မျိုးမျိုးထိုက်က ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ပြောကြားရာတွင် အမျိုးသမီးများ ၀တ်စားဆင်ယင်မှု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမပျက်စေရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ပေးမှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးတိုးအောင်ဝေက အမျိုးသမီးများအပေါ် ကာကွယ်စောင့်ရှောက်သည့်ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်း၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့် ကာကွယ်ရန်နည်းလမ်းများကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်ပြီး “ကလေးအလုပ်သမား ပပျောက်ဖို့ လူတိုင်းပါဝင်ကူညီစို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူကုန်ကူးမှု အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး တက်ရောက်လာသူများအား ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)