ယင်းမာပင်မြို့၌ ကျောင်းပေါင်းစုံ ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင် ဒီဇင်ဘာ ၄

ယင်းမာပင်မြို့တွင် ကျောင်းပေါင်းစုံကျောင်းတွင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂)ရက်နေ့ နံနက် ၉ နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသား သီချင်းများသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်အေးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသူကလေးများက ‘‘မြန်မာ့အားကစား ကမ္ဘာကိုလှမ်းရမည်’’  သီချင်းဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ အားကစားပြိုင်ပွဲများကို ကျင်းပရာမူလတန်းအဆင့်တွင် သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် အိတ်စွပ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် စက်ဘီးအနှေးစီးပြိုင်ပွဲ၊ ခြေပူးအပြေးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ခြင်းခတ်ပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲနှင့် အိတ်စွပ်ပြိုင်ပွဲ၊ အထက်တန်းအဆင့်တွင် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ရွှေစွန်ညိုပြိုင်ပွဲနှင့် ခြင်းခတ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းပေါင်းစုံကျောင်းတွင်း အားကစားပြိုင်ပွဲ အတန်းအလိုက်ပြိုင်ပွဲများကို ဒီဇင်ဘာ(၂)ရက်နေ့မှ ဒီဇင်ဘာ(၅)ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)