မင်းဘူး ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ သိရသည်။
မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်းလမ်း အရှည် ၄ ဒသမ ၅ ဖာလုံ၊ အကျယ် (၂၄) ပေအား ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းပုခုံးခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ (၁၄၁၆) ဒသမ (၂၀) ကျပ်သန်းဖြင့် ဆောင်ရွက်ပြီးစီး၍ အဆိုပါ(စကုမြို့တွင်း) ကတ္တရာလမ်းပိုင်းကို နိုဝင်ဘာလ (၃၀) ရက်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
မင်းဘူးခရိုင်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ယခုဖွင့်လှစ်ပေးခဲ့သော (စကုမြို့တွင်း) ကတ္တရာလမ်း အပါအဝင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းတွင် ကတ္တရာထပ်ပိုးလွှာနှင့် ကတ္တရာရေပိတ်လွှာခင်းခြင်း၊ ကွန်ကရစ်လမ်းပုခုံး ခင်းခြင်း (၁၂ မိုင် ၆ ဖာလုံ၊ ၄၄၅ ပေ) အပါအဝင် ကျောက်စီရေမြောင်းနှင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း(၇၂၈၅ ပေ)၊ Box Culvert အသစ်တည်ဆောက်ခြင်းနှင့် Box ချဲ့ခြင်း (၁၃ စင်း)၊ အရှည်ပေ (၄၀) ရှိ သံကူကွန်ကရစ် တံတားအသစ်(၁)စင်း တည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်း တည်ဆောက်ခြင်း (၆၅၀ ပေ)နှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ စိုက်ထူခြင်း စသည့် လုပ်ငန်းများကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၇၇၈၄) ဒသမ (၉၈၁) ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မင်းဘူးလမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့(၁၁)တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုထံမှ သိရသည်။
မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းသည် မင်းဘူးမြို့မှ ဆိပ်ဖြူမြို့အထိ မိုင်အားဖြင့် (၆၉) မိုင် ၇ ဖာလုံ အရှည်ရှိသော လမ်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၅၃) အုပ်စုမှ လူဦးရေပေါင်း (၂၁၀၀၀) ခန့်က အစဉ်အမြဲ အသုံးပြုလျက်ရှိသော လမ်းဖြစ်ကြောင်း၊ ယခုလို လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာကာ ကုန်စည်စီးဆင်းမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မြန်ဆန်တိုးတက်မြင့်မားလာပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)