မုံရွာမြို့တွင် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မုံရွာ ဒီဇင်ဘာ ၃

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ် ဦးဇော်ထူး စစ်ကိုင်းတိုင်းဒေသကြီးအစိုးးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မသန်စွမ်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးမှာရှိကြတဲ့ မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် မြှင့်တင်အားပေးဆောင်ရွက်နေကြ သောဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြသည့် အတွက်အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာတို့ရဲ့မြတ်နိုးဖွယ်ရာ ဓလေ့ဖြစ်တဲ့ဖေးမခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်နားလည်ခြင်း၊  စုစည်းဆောင်ရွက်ခြင်းတို့ဖြင့် မသန်စွမ်းသူများ ဘဝဖွံ့ဖြိုးတိုးတက်လာအောင် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများတိုးတက်များပြားလာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြောင်းလဲလာသည့်  ခေတ်စနစ်နဲ့အညီ နည်းပညာစွမ်းအားကို အသုံးပြုပြီးမသန်စွမ်းသူများဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ ဆောင်ပုဒ်ဖြစ်သော  “လူမှုဘဝမြင့်မားရေး မသန်စွမ်းပါဝင်သော လူအဖွဲ့အစည်းအများမြှင့်တင်ပေး” ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးဆောင်ရွက်နေသော ကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းလာနိုင်ရေး  ပံ့ပိုးပူပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းပြောကြားသည်။

ဆက်လက်ပြီး  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကမ္ဘ့ာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် မသန်စွမ်းသူများ သီချင်းဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယ နှင့် နှစ်သိမ့်ဆုရရှိကြသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးခဲ့ပြီးနောက် သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူတစ်ဦး၏  ပြန်လည်သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)