တိုင်းဒေသကြီးဝန်ကြီးချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် ဆန်တင်ပို့ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ်        ဒီဇင်ဘာ        ၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် ဆန်တင်ပို့ရန်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်၍ ဘင်္ဂလားဒေ့ ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် တင်ပို့ရမည့်ဆန်များအနက် ဧည့်မထ(၅)မှတ်ဆန် တန်ချိန် (၇၅၀၀)အား တင်ပို့နိုင်ရေးအတွက် ကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေများ၊ (၄၀၀) ကီလိုဝပ် ဆိုလာစနစ် တပ်ဆင်အသုံးပြုမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကဆန်ကြိတ်ခွဲမှုများ စနစ်တကျဖြစ်စေရေး၊ တင်ပို့သည့်ဆန်များအရည်အသွေး ပြည့်မီရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းရှိ Nilar Wood Industry Company Limited မှ သစ်အခြေခံ အသုံးပြုထုတ်ကုန်များဖြစ်သော သစ်ပါးလွှာ၊ အထပ်သားများ၊ Particle Board Finger Joint Board Blockboard Panel နှင့် Wood Chips များထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရန်နှင့် နိုင်ငံခြားတင်ပို့ရောင်းချရန်အတွက် စက်ရုံနှင့်နှစ်ထပ်ရုံး ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးအောင် ဆောင်ရွက်၍လုပ်ငန်းများ လည်ပတ်နိုင်ရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် တင်ပို့ရမည့် ဆန်များအနက် ပထမအကြိမ် ဆန်တန်ချိန်(၂၅၀၀)အား MV.MCL-11 သင်္ဘောပေါ်သို့ ကုန်တင်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ် ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းစနစ်ကျ တင်ဆောင်နိုင်ရေးနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင် ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)