လောင်းလုံး ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်က နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)တို့ကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဧကအထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှအထောက် အကူရနိုင်ကြောင်း၊ ဆောင်းသီးနှံ(မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ) တို့ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများအပြင်၊ မျိုးကောင်း၊ မျိုးသန့်, မျိုးစေ့များကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟိန်ထက်ပိုင်က တက်ရောက်လာသူများအား ၂၀၂၅ခုနှစ်၊ ဆောင်းသီးနှံ(မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ) စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော လောင်းလုံးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်နှင့်တာဝန်ရှိသူများက တောင်သူများအား မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ မျိုးစေ့များအား ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ် အတွက် မတ်ပဲ (၄၅) တင်း၊ အစေ့ထုတ်ပြောင်း (၇၅) ကီလို၊ မြေပဲ (၆) တင်း၊ နေကြာ (၃၀) ကီလိုတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟိန်းထက်ပိုင်ထံမှ သိရသည်။
သိန်းသိန်း(လောင်းလုံး)