သဲကုန်း ဒီဇင်ဘာ ၃
ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးက လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲနိုင်စေရေးနှင့် နေ့ချင်းပြီး အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်သည့်အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ အသက်အရွယ်မရွေး၊ လူတန်းစားမရွေးပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်ရေးအတွက်လည်း စည်းရုံးပေးကြရန်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရသည်။
ကိုကျော်(သဲကုန်း)