မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ရက်ပေါင်း (၈၆) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မင်းဘူး ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ လာမည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရက်ပေါင်း (၈၆)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီးဖြစ်ကာ လာမည့် ဇန်နဝါရီလ ၂၂ ရက် (တပို့တွဲလဆန်း ၅ ရက်)နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရက်ပေါင်း(၈၆) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများအား တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်ကာ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောကြားခဲ့သည်။

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရန် ယခုလက်ရှိ စက်ယန္တယားကြီးများဖြင့် မန်းချောင်းရေလမ်းကြောင်းပြုပြင်ခြင်း၊ ပွဲတော်မြေနေရာ ပြုပြင်ရှင်းလင်းခြင်းနှင့် အောက်စက်တော်ရာ နဂါးအိုင်ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး မန်းချောင်းသောင်ပြင်ပြုပြင်ပြီးပါက တည်ခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်နိုင်ရန် မြေနေရာသတ်မှတ်ခြင်းနှင့် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပရန် တင်ဒါ၊ လေလံ၊ ခေါ်ယူရောင်းချရေးလုပ်ငန်းများ၊ ဘုရားပရဝုဏ်အတွင်း ထုံး၊ ဆေးသုတ်ခြင်းလုပ်ငန်းများအပြင် တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအားလုံးကို ဘုရားပွဲတော်ရက်မတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်ရန်အတွက် ဘေလီသံပေါင်အထူးတံတားကို တပ်ဆင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ရှင်းပြသည်။

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရားဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ မန်းရွှေစက်တော်ဘုရားကြီး၏ ဘုရားပွဲတော်ရက်ကာလမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၈၆)ရက်ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)