ဂန့်ဂေါ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၈)ကျောင်းမှ ပြိုင်ပွဲဝင်ကစားသမားများသည် အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာတပ်ဖွဲ့နှင့်အတူ ချီတက်၍ နိုင်ငံတော်အလံအား အလေးပြုကြကာ အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်မှ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်ကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီးနောက် အခြေခံပညာအလယ်တန်းဆင့် အမျိုးသားဘောလုံးပြိုင်ပွဲကိုကျင်းပရာ တာဝန်ခံခရိုင် ပညာရေးမှူး ဦးမြင့်ဝင်းက ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး အ.ထ.က(မြို့မ)အသင်းနှင့် အ.မ.က(မြောက်ကုန်း) အသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ဂန့်ဂေါမြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများဖြစ်သည့် မူလတန်းနှင့် အလယ်တန်း အဆင့် ကျား/မ (၄/၁၀၀)တုတ်ဆက်အပြေးပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မူလတန်း ဖူဆယ်ဘောလုံး(ကျား/မ)ပြိုင်ပွဲ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် (ကျား/မ) ဘောလုံးပြိုင်ပွဲများကို အ.ထ.က(ဂန့်ဂေါ)ကျောင်းနှင့် အ.ထ.က(မြို့မ)ကျောင်းတို့တွင် (၂)နေရာခွဲ၍ ဒီဇင်ဘာ(၂)ရက်နေ့မှ (၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ မြို့နယ်အဆင့်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ခံခရိုင် ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးဟန်စိုးစိုး၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း