ငဖဲ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပဲကြီးလှော်လုပ်ငန်း၊ မုန့်လုပ်ငန်းနှင့် ဆောင်းတွင်းရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေကြကြောင်း သိရသည်။
မုန့်ဩဇာပြုလုပ်မည့် ကောက်ညှင်းဆန်ကို ခေါ်ပဲကောက်ညှင်းဆန်အမျိုးအစားကိုသုံးပြီး နှစ်ညမှ သုံးညအထိ ဆန်အရည်အသွေးကိုလိုက်၍ ရေစိမ်ထားရကြောင်း၊ စိမ်ပြီးသားကောက်ညှင်းဆန် များကိုပေါင်းပြီး မောင်းဖြင့်ထောင်းရကြောင်း၊ ထောင်းပြီးသားမုန့်များကို မိမိလိုချင်သောအရွယ်အစား ညှပ်၍ တစ်နေလှန်းရကြောင်း၊ နေလှန်းပြီးသားမုန့်များကို ညနေပိုင်းတွင် သဲဖြင့်လှော်ပြီး လှော်ပြီးသားမုန့်များကို ထန်းလျက်၊ ကြံသကာရည်တို့ဖြင့် ယိုထိုးရောင်းချရကြောင်း သိရသည်။
“မုန့်ဩဇာလုပ်ငန်းကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့မှစ၍ လုပ်ကိုင်ရောင်းချပြီး တစ်နေ့လျှင် ကောက်ညှင်းဆန် ပြည် ၁၅ မှ ပြည် ၂၀ အထိ လုပ်ကိုင်ရောင်းချရကြောင်း၊ ကောက်ညှင်းဆန်တစ်ပြည်လျင် ငွေကျပ် ၆၀၀၀ နှုန်းနှင့် ထန်းလျက်/ကြံသကာ ဈေးနှုန်းကြီးမြင့်၍ ယခင်နှစ်များကထက် အမြတ်အစွန်းနည်းပါးကြောင်း၊ မုန့်ဩဇာကို ငဖဲမြို့မဈေး၊ ပဒါန်းကျေးရွာ၊ မင်းတုန်းမြို့၊ ရွှေချောင်းကျေးရွာ ၊ရှမ်းတပ်ကျေးရွာများသို့ ဖောက်သည်ဈေးငွေကျပ် ၉၀၀၀ နှုန်းဖြင့်ပေးသွင်းရောင်းချရကြောင်း၊ မုန့်ဩဇာနှင့်အတူ ပဲကြီးလှော်လုပ်ငန်းကိုလည်းတွဲ၍ နှစ်စဉ်မပျက် လုပ်ကိုင်ရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း” မုန့်ဩဇာနှင့်ပဲကြီးလှော်လုပ်ငန်းကို နှစ်စဉ်မပျက် လုပ်ကိုင်ရောင်းချသူ ဦးဝင်းဇော် က ပြောကြားသည်။
ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် မုန့်ဩဇာလုပ်ငန်းကို မိသားစုများတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချသူ ခြောက်ဦးခန့်ရှိကြောင်း သိရသည်။
မယု(ငဖဲ)