လူမှုရေးရာဝန်ကြီး ဦးသက်နိုင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီးအတွင်းအစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များအား ဘေးအန္တရာယ်ကင်းရှင်း စွာစားသုံးနိုင်ရေး၊ သုံးစွဲနိုင်ရေး၊ အထောက်အကူပြုစေရန် ရည်ရွယ်၍ ၁/၂၀၂၅ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က “အစာလည်းဆေး၊ ဆေးလည်းအစာဆို သကဲ့သို့ပြ ည်သူလူထု နေ့စဉ်စားသောက်နေသည့် အစားအသောက်များ၏ဘေးဉပါဒ်အန္တရာယ် ကင်းရှင်းရေးသည် ပြည်သူ လူထုဘဝ နေ့စဉ်ကျန်းမာပျော်ရွှင်စွာနေထိုင် နိုင်ရေးအတွက် ပင်မမဏ္ဍိုင်ကြီးဖြစ်ကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲဦးစီးဌာနအနေဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို လစဉ်ဈေးကွက်မတင်မီ ကွင်းဆင်းစိစစ်ခြင်း၊ ဈေးကွက်တင်ပြီး ကုန်စည်ပစ္စည်းများအား ဈေးကွက်ထောက်လှမ်းစိစစ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးသူ၊ ဈေးသားများနှင့် ပြည်သူလူထုအား အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောခြင်း၊ စားသုံးရန်/သုံးစွဲရန်မသင့် အစားအသောက်များ ရောင်းချမှုရှိမရှိ စိစစ်ခြင်းနှင့်ရောင်းချမှုအား စိစစ်တွေ့ရှိ ပါကရောင်းချသူနှင့် ပြည်သူလူထုအား နည်းလည်သဘောပေါက်အောင် စည်းရုံးဟောပြောရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ဆေးဆိုင်များတွင်သက်တမ်းလွန်ဆေးဝါး၊ မှတ်ပုံတင်မဲ့ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများရောင်းချမှုမရှိစေရေး ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များအနေဖြင့် အစားအသောက်များ၊ ဆေးဝါးများ၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်း၍လုံခြုံစိတ်ချစွာ သုံးစွဲနိင်အောင် ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ကိုယ်စား) ဒေါက်တာဆွေဆွေအောင်က အမှာစကားပြောကြားပြီး ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းမောင်က တိုင်းဒေသကြီးအတွင်း အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှုအား ရှင်းပြတင်ပြကာ ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီနာယက တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)