မင်းလှမြို့နယ်တွင် “ ဒို့အတူတူမဲပေးကြမယ် ” ရွေးကောက်ပွဲလှုံ့ဆော်ရေးအစီအစဉ်များ စတင်ဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏  ဦး​ဆောင်မှုဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေးလှုံ့ဆော်မှုအစီအစဉ်များကို မင်းလှမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မင်းလှမြို့အဝင်တြိဂံလမ်းဆုံမှ မင်းလှ-သရက်ကား လမ်းမဘေးတွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” စာတမ်းပါ (၂၁' × ၉') အရွယ်အစား ရှိ billboard ဗီနိုင်းကို အောင်သပြေနှင့် အမွှေးနံ့သာများ ပက်ဖျန်းခဲ့သည်။ ထို့နောက် “ဒို့အတူတူမဲပေးကြမယ်” စာသားပါ (၂' ×၅' )အရွယ်အစားရှိ ဗီနိုင်းအား လူစည်ကားသည့် ဇေယျာသီရိဈေးနေရာတွင် ချိတ်ဆွဲထားပြီး ရွေးကောက်ပွဲတွင် ပြည်သူများပိုမိုစိတ်ပါဝင်စားစွာ ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်ဆောင်ရွက်ထားကြောင်းသိရသည်။

ဝင်းမြတ်(အထက်မင်းလှ)