ကြို့ပင်ကောက် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့က နွယ်ခွေရပ်ကွက် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မဲပေးသရုပ်ပြပွဲအဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး စောမောင်ဗွေမှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများကို ပြောကြားပြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင်စိုးက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို အသိပညာပေး ရှင်းလင်း ပြောကြား၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလာဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးပြီး မဲရလာဒ်မှန်၊ မမှန် စီစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူများ မဲပေးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဇေယျာထွန်း (ပြန်ဆက်)