ငဖဲ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်အခွင့်အရေးမဆုံးရှုံးစေရေးနှင့် မဲပေးမည့်ပြည်သူများမကျန်ရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇နာရီက လူစည်ကားသည့် ငဖဲမြို့မဈေးတွင် ဖြန့်ဝေပေးခဲ့သည်။
ရွေးကောက်ပွဲအောင်မြင်ရေး “ ဒို့အတူတူ မဲပေးကြမယ်” လှုံ့ဆော်ရေးလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့်ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
အဆိုပါ ပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်း နှင့် ဝန်ထမ်းများက ငဖဲမြို့မဈေးမှ ဈေးရောင်းဈေးဝယ်လာရောက်ကြသည့် ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)