ပွင့်ဖြူမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပွင့်ဖြူ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌  စတင်ဖြန့်ဝေပေးလျက်ရှိသည်။

အဆိုပါ ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူ မဲပေးကြမယ်” လှုံ့ဆော်ရေးလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့ ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။ ယင်းပညာပေးလက်ကမ်းစာစောင်များကို ယနေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )