ကျိုက်လတ်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းကျွမ်းကျင် (လုပ်ငန်းလမ်းညွှန်) သင်တန်းဖွင့်ပွဲ ကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ/ အတွင်းရေးမှူးများ လုပ်ငန်းကျွမ်းကျင်(လုပ်ငန်းလမ်းညွှန်) သင်တန်းနှင့် မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ လက်ခံခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ နေရာချထားခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့် အခြေအနေများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားပြီးစီးမှု အခြေအနေများ၊ ကြိုတင်ဆန္ဒမဲပေးနိုင်သည့်အခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒ‌‌မဲပေးနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ မဲရုံအတွင်း/အပြင် မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်က မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် သင်တန်းသား/သူ (၄၁၄) ဦးတို့က မဲပေးပုံ အဆင့်ဆင့်အား လက်တွေ့စမ်းသပ်လေ့လာခဲ့ကြပြီး အဆိုပါသင်တန်းကို (၁-၁၂-၂၀၂၅)ရက်နေ့မှ (၇-၁၂-၂၀၂၅)ရက်နေ့ထိ ၇ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)