ရေကြည်မြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

ရေကြည် ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ ပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိအမည်ပါမပါ သိရှိနိုင်ရန် အတွက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာများအတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့အဆင့်ဌာနဆိုင်ရာများက ဖွဲ့စည်းတာဝန်ပေးအပ်ထားသော သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကာ အိမ်ထောင်စုလူဦးရေစာရင်းတွင်ပါဝင်သည့် အမည်စာရင်းနှင့် မဲစာရင်း၌ပါဝင်သည့် အမည်စာရင်း မှန်မမှန်တိုက်ဆိုင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် မဲစာရင်း၌ အမည်မပါဝင်သူများကို ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေသူများကို ကန့်ကွက်လွှာ ပုံစံ (၄)ဖြင့် လည်းကောင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့်လည်းကောင်း ပြင်ဆင်လျှောက်ထားနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)