ပုသိမ် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိကဝိနည်းအာဂုံ စာအောင်ဆုပေးပွဲနှင့် (၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာအောင်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြစည်မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်၊ သီရိဇေယျာဗိမာန်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စာအောင်ဆုများဆက်ကပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံ စာအောင်ဆုပေးပွဲနှင့် (၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာအောင်ဆုပေးပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာ လေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ပြီးနောက် အခမ်းအနားကိုဆက်လက်ပြုလုပ်ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ငါးသိုင်းချောင်းမြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဩဝါဒါစရိယ ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံစာပြန်ပွဲတော်တွင် တတိယအဆင့် ဂုဏ်ထူးအောင်၊ ဒုတိယအဆင့်ဂုဏ်ထူးအောင်၊ ဒုတိယအဆင့်အထူးအောင်၊ ဒုတိယအဆင့် ရိုးရိုးအောင်၊ ပထမအဆင့် ဂုဏ်ထူးအောင်၊ ပထမအဆင့်အထူးအောင်၊ ပထမအဆင့်ရိုးရိုးအောင် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူအသီးသီးက စာအောင်ဆုလက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံ စာပြန်ပွဲတော်ဥက္ကဋ္ဌ၊ မြစည်မဟာ စည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ စာပြန်ပွဲကြီးကို ဩဝါဒစရိယဆရာတော် (၃)ပါး၊ နာယကဆရာတော် (၄) ပါး၊ စာထောက်ဆရာတော် (၁၁) ပါးတို့မှကြီးမှူးပြီး ကျောင်းပေါင်း (၁၅) ကျောင်းမှ စာဖြေသံဃာတော် (၁၁၅) ပါးဝင်ရောက်ဖြေဆိုပြီး သံဃာတော် (၉၂) ပါး ဖြေဆို အောင်မြင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အလှူရှင်နှင့် မြို့နေပြည်သူများပူးပေါင်းပြီး ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သည့် ရေကြည်မြို့၊ ဗထူး (၉) လမ်း၊ လမ်းအရှည် ၇၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့၊ ဒီပါရုမ်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ဒီပါရုမ်စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းတွင် တည်ရှိသော ဒီပါမုနိဘယရန်အောင်ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပျော်သည့် ဂန္ဓကုဋီကျောင်းဆောင်တော် (၅၀'×၄၀'×၆၃') တည်ဆောက်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ပြီး တပေါင်းပွဲတော်အမီ တည်ဆောက်ပြီးစီးရေးနှင့် ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ပြီးစီးပါက ရုပ်ပွားတော်မြတ်အား ရောင်တော် ဖွင့်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ မြို့ရိုးဒွါရကျောင်းတိုက်ဆရာတော် အရှင်ဣန္ဒာစက္ကအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)