လွိုင်ကော် ဒီဇင်ဘာ ၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကျောက်ချောလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ကယားပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် လွိုင်ကော်မြို့၊ ထူဒူငံသကျေးရွာ၊ ဘိုးလာမာလမ်း အရှည်ပေ ၃၄၀၀ အား ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ စံချိန်စံညွှန်းအရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းပြီးစီးပါက လမ်းဘေးဝဲယာရှိ လမ်းပခုံးများ လမ်းနှင့် တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လမ်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြေနီကုန်းမြို့ဦးနှင့် နောင်ယား (က) ရပ်ကွက်များ၌ အကြမ်းဖက်သောင်းကျန်းသူများ၏အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြသည့် ပြည်သူများနှင့် ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန်အတွက် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများ ပြည့်မီစွာဖြင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ နေအိမ်များ ဆောက်လုပ်ပြီးပါက သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေးတစ်ပါတည်း ဆောင်ရွက်ရန်၊ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသာယာရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး နေအိမ်ပိုင်ရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့၊ နောင်ယား (က)၊ နောင်ယား (ခ)၊ ဒေါဥခူ၊ ဓမ္မာရုံ၊ မင်းစု၊ နမ့်ကွတ်၊ နာနတ်တော၊ ထေးသမနှင့် မြေနီကုန်းမြို့ဦးရပ်ကွက်များရှိ နေအိမ်ထိခိုက်ပျက်စီးခဲ့ကြသည့် ပြည်သူများနှင့်ဝန်ထမ်းများအတွက် ပထမအဆင့်အနေဖြင့် တန်ဖိုးသင့်အိမ်ရာအလုံး ၅၀ ကို တစ်ပြိုင်တည်း ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)